ဈေးကွက်ဈေးနှုန်း

ဒုတိယအကြိမ် တောင်ကြီးအပြည်ပြည်ဆိုင်ရာကုန်စည်ပွဲ-၂၀၁၉ ကျင်းပပြုလုပ်ခြင်း

Last Updated:

ဒုတိယအကြိမ် တောင်ကြီးအပြည်ပြည်ဆိုင်ရာကုန်စည်ပွဲ-၂၀၁၉  ကျင်းပပြုလုပ်ခြင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ လွှတ်လပ်ရေးကျောက်တိုင်ကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ တောင်ကြီးအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲ -၂၀၁၉ ကုန်စည်ပြပွဲ ကို အောက်တိုဘာလ ၁၈ ရက်နေ့ မှ ၂၀ ရက်နေ့အထိ ၃ ရက်တိုင်ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါကုန်စည်ပြပွဲ ဖွင့်ပြွအခမ်းအနားတွင် ရှမ်းပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးစိုးညွန့်လွင် နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီး ဦးစိုးညွန့်လွင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဗီယက်နမ်နှင့် တရုတ်တိုင်ပေနိုင်ငံ စီပွားရေးသံမှူး တို့မှ ကုန်စည်ပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ပြသထားသည့်ပြခန်းများကို လှည့်လည်ကြည့်ရှု့ကြ သည်။

တောင်ကြီးအပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဦးဆောင်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုများဖြင့် ၂၀၁၈ ခုနှစ်တွင် ပထမအကြိမ်နှင့် ယခု ၂၀၁၉ ခုနှစ်တွင် ဒုတိယအကြိမ် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

အဆိုပါကုန်စည်ပြပွဲတွင် ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ တရုတ်၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ထုတ်လုပ်သည့် အရည်အသွေးမြင့်ထုတ်ကုန် အမှတ်တံဆိပ်များကို တပေါင်းတစည်းတည်း တွေ့မြင်နိုင်ခြင်း၊ ဒေသထွက်ကုန်ပစ္စည်းများ ဈေးကွက်ရရှိခြင်း၊ ထုတ်ကုန်လုပ်ငန်းရှင်များ အချင်းချင်းရင်းနှီးမှုရရှိခြင်း၊ ပြည်နယ်လုပ်ငန်းရှင်များအတွက် Business Platform တစ်ခု ဖန်တီးပေးနိုင်၍ စီးပွားရေးကွန်ယက်ချဲ့ထွင်နိုင်ရန်ဖြစ်သည်။

တောင်ကြီးအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲ -၂၀၁၉ ကုန်စည်ပြပွဲတွင် ရှမ်းပြည်နယ်ထွက်ကုန်များ အပါအဝင် လယ်ယာသုံးစက်ပစ္စည်းများ၊ ရိုးရာလက်မှုပစ္စည်းများ၊ စားသောက်ကုန်နှင့် ဖျော်ရည်ယမကာများ၊ အခြားလူသုံးကုန်ပစ္စည်းများနှင့် ပြည်ပနိုင်ငံများမှ လူသုံးကုန်၊ အလှကုန်၊ အိမ်သုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် ခရီးသွားဝန်ဆောင်မှုစသည် ပြခန်း (၈၀)ခန့် ပါဝင်ပြသခဲ့ကြောင်းသတင်းရရှိသည်။